ခင်ဗျားက
ကိုယ့်အကြောင်းကိုယ်ပြောဖို့ချောင်းနေသူလား
ကျွန်တော်က
ကိုယ့်အကြောင်းကိုယ်ပြောဆိုခြင်းမှ
ထွက်ပြေးနေသူပါ။
သတိထား
သတိထား . . . .သတိထား
သစ်ပင်မြင့်မြင့်ကြီးပေါ်တက်တဲ့အခါ သတိထား
ကိုယ့်အကြောင်းကိုယ်ပြောတဲ့အခါ
သတိထား။
ငှက်တွေဟာပျံရင်းသေကြတယ်
လူတွေကတော့
ကိုယ့်အကြောင်းကိုယ်ပြောရင်းသေကြတယ်
သိပ္ပံပညာအကြောင်းဟာ
သိပ္ပံပညာမဟုတ်ပါဘူး
ဂီတအကြောင်းဟာလည်း ဂီတမဟုတ်ဘူး
ခင်ဗျားပြောတဲ့ခင်ဗျားအကြောင်းဟာ
ခင်ဗျားဖြစ်နိုင်ပါတော့မလား။
ပန်းကလေးတွေ
တစ်ပွင့်ပြီးတစ်ပွင့် သူတို့အကြောင်းသူတို့ပြောရင်း
သေဆုံးကြရ၊
ကြယ်ကလေးတွေ
တဖြုတ်ဖြုတ်ကြွေကျနေတာ
သူတို့အကြောင်းသူတို့ပြောနေတာ
အချိန်တွေဘယ်လိုသေဆုံးရတယ်ဆိုတာ
ပြောပြဖို့တော့
တိုင်ကပ်နာရီတစ်လုံးနဲ့ မလုံလောက်နိုင်ဘူးပေါ့။
သတိထား
သစ်ပင်မြင့်မြင့်ကြီးတွေပေါ်တက်တဲ့အခါ သတိထား။ ။
ပိုင်စိုးဝေ
မူးနေတဲ့ကြယ်တံခွန်
No comments:
Post a Comment