စစ်သံမြည်နေတဲ့ ကမ္ဘာ

ပွင့်ဖူးခဲ့သော သစ္စာပန်းများ

အော်ခေါ်သံ ပြန်မကြားရပါ။

ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့်သလို

ကမ္ဘာကြီးက တနေ့တခြား ရုပ်ရှင်ဖြစ်လာ

နေထိုင်မှုက ပွဲကြည့်ပရိသတ်တွေဖြစ်

ဇာတ်ကောင်တွေက ပြည်သူတွေဖြစ်

သေကြေမှုနဲ့ စတေးထားတဲ့

သဘာဝရုပ်ရှင်တွေ ဒုနဲ့ဒေး

မော်ဒန်/ပို့စ်မော်ဒန်ကို သွေးနဲ့ရေးတယ်

သရုပ်ခွဲမှုအတတ် ပညာရှင်တွေလုပ်လိမ့်မယ်

ဝင်မစွက်ဖက်နဲ့ . . .

အခုဈေးကွက်မှာ

ဂျော်ဂျီယာနဲ့ ရုရှားကား ကြည့်မလား

အမေရိကန်နဲ့ အီရတ်ကားကြည့်မလား။

မာန်စောင်နေတဲ့ အီရန်ကား ကြည့်မလား။

မြောက်ကိုရီယားအကြောင်းတစေ့တစောင်း

မြန်မာပြည်အကြောင်း အဆစ်ထပ်လောင်းပြီး ပြနေတယ်။

အိုဇုန်းလွှာ ပါးပါးလာသလို

အထူအပါး လားလားမှမရှိ

ဆန်ဈေးထက် စိန်ဈေးက အရေးကြီးတယ်။

ကိုယ့်အိုးနဲ့ကိုယ့်အိမ်

လုံခြုံအောင်တံခါးပိတ်

ခွေးများများမွေး

စောစောမီးမှိတ်ပြီး

နားမအိပ်ဘဲ လူအိပ်၊

အိမ်ရှေ့က ဖောက်ချလိုက်တဲ့ မြောင်းထဲ

ရေနံတွေအပြည့် စီးသွားတယ် မြင်လား

ဟော….ပြောရင်းဆိုရင်း

အမေရိကန်က ဂျော့ဒဗလျူဘုရှ် ခေါင်းထောင်ထလာပြီ။


လင်းသစ်ဏီ

1 comment:

Kaung Kin Ko said...

ကဗျာလေး ရင်ထဲ ထိသွားတယ်ဗျာ။