စာရွက်အလွတ်ပေါ်က ငါ့ခြစ်ရာတစ်ချို့
ပျံသန်းလာတဲ့ငှက်ဟာ
လမ်းကြောင်းပြောင်းလိုက်တယ်
အခု
ပင်လယ်ထဲကိုထိုးစိုက်ဆင်းဖို့တဲ့
ဒါဟာ
ရူးရူးမိုက်မိုက်ကိစ္စတော့မဟုတ်ဘူး
နင့်ကို
`ဘယ်သူက ခဏခဏ လာခိုင်းလို့လဲ´
ဒီစကားစုကို
မင်းမကြာမကြာအသုံးပြုဖူးတယ် …ဖေဖော်ဝါရီ
အမှောင်နဲ့ နေသားကျလွန်းလို့
ခံစားမှုကိုယ်၌က ပြိုးပြိုးပြက်ပြက်
လက်လက်ထနေတဲ့ စိတ်ကူးကို
ထူးခတ်ထားစမ်းပါ….
ရေပြင်ကိုထိုးခွဲဝင်သွားဖို့
ကိုယ်စိတ်နှစ်ပါးကိုဖြောင့်တန်းထားယုံပဲ…။
ခရီးစဉ်စဆုံး
အဲဒီဘူတာစဉ်အမည်တွေဖျက်ထားလိုက်တယ်
ဖေဖော်ဝါရီ)
မတ်)
ဧပြီ)
မေ)
မြေပုံမသုံးဘူး
သံလိုက်အိမ်မြှောင်ယူမလာနဲ့
ဂျီပီအက်စ်ကိုရေထဲပစ်ချလိုက်
ကြယ်မြင်လမြင်ဆိုရင်တောင်
ပင်လယ်ရဲ့ရုပ်နာမ်နှစ်ပါးကို
ဆင်ခြင်လို့ရပြီ…
ခင်ဗျားပြောတော့ သက်သက်လွတ်သမားတဲ့
ခင်ဗျားသွားတွေက ချွှန်မြလွန်းနေတယ်
စီးပွားပျက်ကာလလား
ခြူးတစ်ပြားမှမကပ်သူအတွက်တော့
သိပ်မထူးခြားပါဘူး
သေစာရှင်စာတောင်မသင်ဘူးပေမယ့်
ဒီကျမ်းကိုသူအသေအချာရေးခဲ့တာပါ…
ထောင်နံရံကို
အတွေးအခေါ်နဲ့ဆောင့်ဖြိုလိုက်တော့
ခင်ဗျားအသံကို ရာစုသစ်ထဲမှာပြန်ကြားတယ်
ကမ္ဘာကြီးလည်တာကို
ကျွန်တော်ကတော့လက်ပိုက်ကြည့်မနေနိုင်ဘူး
ကိုယ်ကိုယ်တိုင်ချာလပါတ်ရမ်းလို့
တစ်ခါတစ်လေ
ဘ၀ကလွမ်းဖို့တောင်အချိန်မရရှာဘူး…။
မိုးလှိုင်ည
အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ

ဒီရှန်ပူနဲ့ဆို
သေခြင်းတရားတောင် လန်းဆန်းသွားမလား
ဒီနေကာမျက်မှန်နဲ့ဆို
အနာဂတ်ကို ဖောက်မြင်ရမလား
ဒီဖိနပ်နဲ့ဆို
ဝင်္ကပါအပြင်ဘက်ကို ထွက်နိုင်မှာလား
ကဗျာဖြစ်တဲ့ ကြော်ငြာတွေဟာ
စိတ်ဝင်စားစရာ ကောင်းပါတယ်
အင်္ကျီကို တီထွင်ပြီးထဲက
ငါတို့ဟာ (ဟန်ကိုယ့်ဖို) သက်သာရာ ရခဲ့ကြ
မျှော်လင့်ခဲ့ကြတဲ့ လှပတဲ့ကမ္ဘာ
ရေမွှေးများများ ဆွတ်ပါ
ဝတ်စုံထည်လဲ လဲပါ
ထိပ်ပေါက် ခေါင်းကွဲ
အပြင်ထွက်လာတဲ့ ဒဏ်ရာတွေဆိုရင်တော့
ရောင်စုံပတ်တီလှလှ
စည်းပြလိုက်ကြတာပေါ့။ ။
သုခမိန်လှိုင်
အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ
စကားလုံးများ
ကျွန်ုပ်ထံဆိုက်ရောက်လာသော အဓိပ္ပာယ်များ
အားလုံး
သုညတစ်လုံးထဲ ထည့်သွင်းသိုမှီး
သိမ်းဆည်းလိုက်တယ်
ဒီနေ့မနက်မှာ
နွားမကြီးရဲ့နို့အုံလိုဖောင်းကားနေတဲ့
အဲဒီ သုညကို ညှစ်ချလိုက်တဲ့အခါ
က
မ္ဘာ
ကြီး
ကို
ချစ်
ပါ. . . တဲ့။ ။
နေမျိုး
လူဖြစ်ရတာကောင်းတယ်
ဝှက်ထားသောစကားလုံးနဲ့ သင့်တော်သော အသုံးအနှုန်း
အာလို့မ၀သေးတဲ့ ကျီးကန်းတွေ
ဘဝ
တဏှာပြည့်နှက်
ရူးမိုက်မူက ကြီးစိုးလာသောအခါ
ကမ္ဘာဖလား ဗိုလ်လုပွဲတက်အသင်းလို
စိတ်က ဘ၀င်မြင့်
စိတ်ကိုစိတ်နဲ့ မနည်း
ချုပ်တီးလိုက်ရတယ်။
ရန်သူမရှိ
မိတ်ဆွေမရှိ
မှုလောက်စရာ မရှိပေမယ့်
ကြီးမြတ်မှုတော့ ထည့်တွက်ထားမယ်
သမ်းဝေနေရုံနဲ့ အပျင်းမပြေဘူး
ရွှေလို ၀င်းတောက်မှုက ကျောက်သားနဲ့ ထုတယ်။ ။
လင်းသစ်ဏီ
တိုင်ကပ်နာရီ
ခင်ဗျားက
ကိုယ့်အကြောင်းကိုယ်ပြောဖို့ချောင်းနေသူလား
ကျွန်တော်က
ကိုယ့်အကြောင်းကိုယ်ပြောဆိုခြင်းမှ
ထွက်ပြေးနေသူပါ။
သတိထား
သတိထား . . . .သတိထား
သစ်ပင်မြင့်မြင့်ကြီးပေါ်တက်တဲ့အခါ သတိထား
ကိုယ့်အကြောင်းကိုယ်ပြောတဲ့အခါ
သတိထား။
ငှက်တွေဟာပျံရင်းသေကြတယ်
လူတွေကတော့
ကိုယ့်အကြောင်းကိုယ်ပြောရင်းသေကြတယ်
သိပ္ပံပညာအကြောင်းဟာ
သိပ္ပံပညာမဟုတ်ပါဘူး
ဂီတအကြောင်းဟာလည်း ဂီတမဟုတ်ဘူး
ခင်ဗျားပြောတဲ့ခင်ဗျားအကြောင်းဟာ
ခင်ဗျားဖြစ်နိုင်ပါတော့မလား။
ပန်းကလေးတွေ
တစ်ပွင့်ပြီးတစ်ပွင့် သူတို့အကြောင်းသူတို့ပြောရင်း
သေဆုံးကြရ၊
ကြယ်ကလေးတွေ
တဖြုတ်ဖြုတ်ကြွေကျနေတာ
သူတို့အကြောင်းသူတို့ပြောနေတာ
အချိန်တွေဘယ်လိုသေဆုံးရတယ်ဆိုတာ
ပြောပြဖို့တော့
တိုင်ကပ်နာရီတစ်လုံးနဲ့ မလုံလောက်နိုင်ဘူးပေါ့။
သတိထား
သစ်ပင်မြင့်မြင့်ကြီးတွေပေါ်တက်တဲ့အခါ သတိထား။ ။
ပိုင်စိုးဝေ
မူးနေတဲ့ကြယ်တံခွန်